လိင်မှုကိစ္စများကို ကြောက်ရွံ့လွန်ကဲခြင်း ပြဿနာ (Genophobia)
လိင်မှုကိစ္စကို ကြောက်တယ်လို့ပြောရင် လူအများစုက သိပ်ပြီး ယုံကြမယ်မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူအများစုရဲ့ တစ်နေ့တာလူနေမှုဘဝက ‘အိပ်၊ စား၊ ကာမ’ နဲ့ ဖွဲ့စည်းထားတာကြောင့်ပါပဲ။ ဒါပေမယ့် လိင်မှုကိစ္စကို ကြောက်ရွံ့တဲ့ ပြဿနာဟာ ကျွန်တော်တို့ လူ့ဘောင်ဝန်းကျင်မှာ အတွေ့နည်းတဲ့တိုင်အောင် ရှားပါးတဲ့ စိတ်ကျန်းမာရေးပြဿနာ တစ်ခုတော့ မဟုတ်ပါဘူး။
လိင်မှုကိစ္စများကို ကြောက်ရွံ့လွန်ကဲခြင်း (Genophobia)
တစ်စုံတစ်ယောက်ကနေ ကိုယ့်အပေါ် လိင်ပိုင်းဆိုင်ရာ အပြုအမူတွေ လုပ်ဖို့ ကြိုးစားလာတာ၊ ကိုယ်တိုင်ကနေ လိင်မှုကိစ္စအကြောင်း တွေးလိုက်မိတဲ့အခါမှာ ပြင်းပြင်းထန်ထန် ကြောက်ရွံ့တာ၊ တုန်လှုပ်တာ၊ ခြေမကိုင်မိ လက်မကိုင်မိဖြစ်တာ၊ စိုးရိမ်လွန်ကဲတဲ့ ခံစားချက်၊ အပြုအမူတွေကို ဆောင်ရွက်လိုက်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုပါပဲ။ တချို့လူတွေမှာတော့ လိင်ပိုင်းဆိုင်ရာမပါဝင်ဘဲ တခြားသူတွေအပေါ် စိတ်ခံစားချက်၊ ချစ်ခြင်းမေတ္တာအရ ပတ်သက်ရမှာကိုတောင် ကြောက်ရွံ့တတ်တာမျိုးတွေ တွေ့ရပါတယ်။
ဒီပြဿနာဖြစ်စေတဲ့ အကြောင်းရင်းတွေ …
ဖိုးဘီးယားနဲ့ ပတ်သက်လာရင် ဖြစ်နိုင်ခြေ အကြောင်းရင်းပေါင်းများစွာရှိသလို တစ်ယောက်နဲ့တစ်ယောက်လည်း မတူညီနိုင်ပါဘူး။ တချို့သောအခြေအနေတွေမှာ နဂို Phobia ပြဿနာ ရှိနေတာကြောင့် သူနဲ့ဆက်စပ်တဲ့ တခြား Phobia တွေပါ ရောပြီး ဝင်လာတတ်တာမျိုးလည်း ရှိပါတယ်။ အထူးသဖြင့် Genophobia မှာဆိုရင် -
- Nosophobia - ရောဂါကူးမှာ၊ ပိုးကူးခံရမှာ ကြောက်ရွံ့ခြင်း
- Gymnophobia - ကိုယ်လုံးတီး ချွတ်တာတွေကို ကြောက်ရွံ့ခြင်း
- Heterophobia - ဆန့်ကျင်ဘက်လိင်ကို ကြောက်ရွံ့ခြင်း
- Coitophobia - ထိုးသွင်းဆက်ဆံမှုကို ကြောက်ရွံ့ခြင်း
- Haphephobia - အသားထိရမှာ၊ အသားထိခံရမှာ ကြောက်ရွံ့ခြင်း
- Tocophobia - ကိုယ်ဝန်ဆောင်ရမှာ၊ ကလေးမွေးရမှာ ကြောက်ရွံ့ခြင်း စတာတွေလည်း တွဲဖက်ပါလာနိုင်သလို အပြန်အလှန်လည်း ဆက်စပ်ဖြစ်ပွားနိုင်ပါတယ်။
Genophobia ကို ဖြစ်စေတဲ့ အကြောင်းရင်းအတိအကျကို ရှာဖွေနိုင်ခြင်းမရှိပေမဲ့ အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့ -
- ထိုးသွင်းဆက်ဆံခံရစဉ် မိန်းမကိုယ်ကြွက်သားတွေ ကျုံ့သွားတဲ့ ပြဿနာ (Vaginimus) ရှိနေတာ
- ပန်းသေပန်းညှိုး ပြဿနာ (Erectile Dysfunction) ရှိနေတာ
- လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတာ
- လိင်ဆက်ဆံရာမှာ ကိုယ့်ရဲ့ စွမ်းဆောင်နိုင်ရည်အပေါ် အားမလိုအားမရဖြစ်တာ
- တချို့သော ဘာသာရေးအယူဝါဒတွေအပေါ် အစွန်းရောက်ယုံကြည်သက်ဝင်တာ
- ကိုယ့်ရဲ့အပြင်ပိုင်းခန္ဓာကိုယ်သွင်ပြင်ကို ကြိုက်နှစ်သက်ခြင်းမရှိတာ၊ စိတ်မလုံခြုံတာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်လဲ?
Genophobia ကြောင့် ကိုယ့်ရဲ့ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ပြဿနာတွေ ဖြစ်လာတာ၊ ကိုယ့်ရဲ့ နေ့စဉ်ဘဝကို တစ်နည်းနည်းနဲ့ အနှောင့်အယှက်ပေးလာတယ်ဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ စိတ်ပညာရှင်တွေနဲ့ တိုင်ပင်ပြသကြည့်သင့်ပါတယ်။
ဘယ်လိုကုသလို့ရမလဲ?
Phobia နဲ့ ပတ်သက်လာရင်တော့ အသုံးများတဲ့ ကုထုံးတွေဖြစ်တဲ့
- စိတ်ခံစားချက်နဲ့ အပြုအမူတွေကို ကူညီပြောင်းလဲပေးတဲ့ CBT ကုထုံး
- ကြောက်ရွံ့မှုကို လက်တွေ့ရင်ဆိုင်စေတဲ့ Exposure ကုထုံး
- စိတ်တည်ငြိမ်စေမယ့် သောက်ဆေးများနဲ့ လက္ခဏာများကို ထိန်းချုပ်ပေးတာ စတဲ့ နည်းလမ်းတွေနဲ့ ကုသပေးနိုင်ပါတယ်။
Genophobia ဟာ တခြားကျန်းမာရေးပြဿနာတွေကြောင့်လည်း ဖြစ်နိုင်တဲ့အတွက် အကယ်လို့ စစ်ဆေးကြည့်တဲ့အခါ ကိုယ့်မှာရှိနေတဲ့ ကျန်းမာရေးအခြေအနေကြောင့် နောက်ဆက်တွဲ Phobia ဝင်သွားတာဆိုရင်တော့ အဓိက အကြောင်းရင်းခံပြဿနာတွေကို ကုသဖို့၊ ထိန်းချုပ်ဖို့နဲ့ သက်သာဖို့အတွက် သင့်တော်တဲ့ ကုသမှုစနစ်တွေကို ခံယူဖို့ လိုအပ်ပါတယ်။
အဓိက Genophobia နဲ့ ပတ်သက်လာရင် ကိုယ့်မှာ ပြဿနာရှိတာကို လက်ခံပါ။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတဲ့ အကြောင်းရင်းကို ရှာပါ။ Phobia ဟာ မဖြစ်မနေ ကုသဖို့မလိုဘူး ဆိုတဲ့တိုင်အောင် ကိုယ်နဲ့ ကိုယ့်ချစ်ရသူတွေရဲ့ တစ်နေ့တာ နေထိုင်မှုပုံစံကို အနှောင့်အယှက်များစွာ ဖြစ်စေတယ်ဆိုရင်တော့ သေချာပြသပြီး စနစ်တကျ စိတ်ရှည်ရှည်နဲ့ ကုသမှုခံယူသင့်ပါတယ်။
ရဲမျိုးမြတ်